ရာသီဥတုပူရင် သွေးတိုးရောဂါ ပိုဆိုးနိုင်လား
နွေရာသီမှာ ဦးနှောက်သွေးကြောပြတ်ပြီး သေသွားတာ စသဖြင့် ရပ်ကွက်ထဲမှာ ပြောကြဆိုကြတာ ကြားတဲ့အခါ နှလုံးနဲ့ သွေးတိုးရောဂါရှင်တွေက ကြောက်နေတတ်ကြပါတယ်။ ရောဂါအခံရှိတော့ အရမ်းပူရင် ပိုပြီး စိုးရိမ်ကြမယ် ထင်ပါတယ်။
တကယ်ရော အရမ်းပူတဲ့အခါ သွေးပိုပြီး တိုးနိုင်သလား၊ ဦးနှောက်သွေးကြော ပြတ်နိုင်သလား?
မဟုတ်ပါဘူး။ သွေးကြောတွေဟာ အေးတဲ့ရာသီဥတုမှာ ကျုံ့တတ်ပြီး ပူတဲ့ရာသီဥတုမှာ ကျယ်လာတတ်ပါတယ်။ သွေးကြောတွေ ကျုံ့တဲ့အခါ သွေးဖိအားများပြီး သွေးတိုးကာ သွေးကြောကျယ်ရင် သွေးဖိအားကျမှာ ဖြစ်လို့ ရာသီဥတု ပူရင် သွေးပေါင်ကျနိုင်ပါတယ်။
ဒါဆို သွေးတိုးရောဂါရှင်တွေအတွက် ကောင်းတာပေါ့လို့ ထင်ကြပါလိမ့်မယ်။ အဲဒါလည်း မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ရာသီဥတု အရမ်းပူပြီး ခန္ဓာကိုယ်အပူချိန် တက်လာတဲ့အခါ အရေပြားကို သွေးပိုရောက်အောင် လုပ်ရပြီး ချွေးထွက်စေကာ အေးသွားအောင် လုပ်ပေးရပါတယ်။ သွေးတိုးရောဂါရှင်ရဲ့ ကျယ်နေတဲ့ သွေးကြောတွေက အရေပြားကို သွေးတွေ မြန်မြန်ရောက်အောင် ပို့ဆောင်ပေးပါတယ်။ အရေပြားကို သွေးတွေ ပို့လိုက်ရတဲ့အတွက် ဦးနှောက်ကို သွေးစီးဆင်းမှု နည်းသွားပြီး ခေါင်းမူးခေါင်းကိုက်တာ၊ အာရုံစူးစိုက်လို့ မရတာမျိုးဖြစ်လာတတ်ပါတယ်။ သွေးစီးဆင်းမှု နည်းသွားနှေးသွားတဲ့အခါ သွေးခဲနိုင်ခြေနဲ့ သွေးခဲက ဦးနှောက်သွေးကြောထဲမှာ ပိတ်ဆို့နိုင်ခြေလည်း ပိုများပါတယ်။
သွေးတိုးရှိရင် သောက်ရတဲ့ တချို့သောဆေးတွေက အပူကို တုံ့ပြန်လွယ်ပြီး နေလောင်ကွက်တွေ၊ အရည်ဖုတွေ ထတာမျိုး ဖြစ်စေပါတယ်။ သွေးကျဆေးရဲ့ အာနိသင်နဲ့ အပူဒဏ်ပေါင်းပြီး သွေးပေါင်က ပိုပြီး လျှင်မြန်စွာ ကျနိုင်တဲ့အန္တရာယ်ရှိသလို တချို့သွေးကျဆေးတွေက နှလုံးခုန်နှေးစေတဲ့ ဘေးထွက်ဆိုးကျိုးရှိလို့ အရမ်းပူလာတဲ့အခါ နှလုံးကို မြန်မြန်ညှစ်ပြီး အရေပြားဆီ သွေးရောက်အောင် မပို့နိုင်တဲ့အတွက် အပူသင်တုန်းဖြတ်နိုင်ခြေ ရှိနိုင်ပါတယ်။
ချွေးထွက်များလွန်းတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုလည်း ပိုများစေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အချိန်မီ ပြန်မဖြည့်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
- ပျို့ချင်အန်ချင်ဖြစ်တာ
- ချွေးထွက်များပြီး အေးစက်နေတာ
- ခေါင်းမူးခေါင်းကိုက်တာ
- မောပန်းအားကုန်နေတာ
- ကယောင်ကတမ်း ဖြစ်နေတာ
- ကြွက်တက်တာ
- ခြေလက်တွေ ရောင်နေတာ စတဲ့ လက္ခဏာတွေထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ရှိနေရင် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချနိုင်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးဖို့ ချက်ချင်း လုပ်သင့်ပါတယ်။
သွေးတိုးရောဂါ ရှိရင် နွေရာသီမှာ…
- ရေများများ သောက်ပါ။ ချွေးထွက်များရင် ဓာတ်ဆားရည် သောက်ပါ။
- နေပူထဲသွားတဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထမီဝတ်ဆင်ပါ။ ချွေးစုပ်တဲ့ ပေါ့ပေါ့ပါးပါး ချည်ထည်များကိုသာ ရွေးချယ်ပါ။ နေရောင်ကာခရင်မ် မပျက်မကွက် လိမ်းပါ။
- အရိပ်ရတဲ့ နေရာများတွင် တတ်နိုင်သမျှ နေပါ။
- ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ပါ။
- သွေးပေါင်မှန်မှန် ချိန်ပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအတိုးအလျှော့ လုပ်ပါ။
ပူတဲ့ရာသီဥတုမှာ သွေးတိုးရောဂါရှင်တွေ အသက်ဆုံးရှုံးတာက သွေးဆောင့်တက်ပြီး ဦးနှောက်သွေးကြောပြတ်တာကြောင့် ဖြစ်တာနည်းပြီး အပူသင်တုန်းဖြတ်တာနဲ့ ဦးနှောက်သွေးကြော ပိတ်တာကြောင့် ပိုအဖြစ်များပါတယ်။ ဒါကြောင့် သွေးပေါင်တက်မှာထက် သွေးပေါင်ကျပြီး ရေဓာတ်ဆုံးရှုံးမှာကို ပိုပြီး ဂရုထားသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်